ကျွန်တော်အလုပ်သင်ဆရာဝန်အဖြစ်စအလုပ်လုပ်ရတော့ စိတ်ဖိစီးမှုဒဏ်ကိုအတော်ခံခဲ့ရတယ်။ စာကျက်ရုံ အချိန်တန်စာမေးပွဲဖြေရုံကလွဲရင် အပူအပင်ကင်းတဲ့ကျောင်းသားဘ၀ကနေ လူနာတွေနဲ့ တကယ်ထိတွေ့ဆက်ဆံရပြီး တာဝန်ယူမှုတွေရှိလာတဲ့ ဆရာဝန်တစ်ယောက်ဘ၀ကိုရောက်လာတဲ့အခါ အရင်လိုလွတ်လပ်ပေါ့ပါးတဲ့စိတ်တွေပျောက်ဆုံးကုန်တဲ့အပြင် လူကြီးဘ၀ထဲကို အတင်းသွတ်သွင်းခံလိုက်ရတဲ့ ကလေးတစ်ယောက်ပုံစံမျိုးနဲ့တူနေသလိုခံစားရတယ်။ ကိုယ့်ကိုကိုယ်လည်း မနိုင်ဝန်ထမ်းနေရသလို မသက်မသာဖြစ်မိတယ်။
အရင်တုန်းက ဆေးရုံလာတယ်ဆိုတာ ခဏတဖြုတ်အိမ်လည်သွားတဲ့ဧည့်သည်လိုမျိုး သွားခဲ့တာကနေ အခုကျတော့ ဆေးရုံကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး အလုပ်လုပ်ရတော့တာဆိုတော့ စိတ်ထဲမှာ မသက်မသာနဲ့ အတော်ဖိစီးနေရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဆေးနံ့သွေးနံ့တွေနဲ့မွှန်နေတတ်တဲ့ဆေးရုံဟာ ထောင်တစ်ခုနဲ့တူနေသလိုပဲ။ ဒီကြားထဲ စပြီးတာဝန်ထမ်းဆောင်ရတဲ့ဌာနကလည်း အလုပ်ရှုပ်လွန်းလို့ ယားရင်တောင်ထုံးတို့မှတ်ထားရတယ်လို့နာမည်ကြီးတဲ့ သားဖွားမီးယပ်ဌာနဆိုတော့ အလုပ်သင်စဖြစ်ခါစ ကျွန်တော့်အတွက်တော့ စိတ်ဓါတ်တွေအောက်ဆုံးထိရောက်အောင် ကျနေတော့တာပါပဲ။
သားဖွားမီးယပ်ဆိုတော့ ကျွန်တော်တာဝန်ကျတဲ့ဆေးရုံကို အများဆုံးလာတာက ကလေးလာမွေးတဲ့ကိုယ်ဝန်ဆောင်တွေပါ။ ဒါပေမယ့် ဆေးရုံလာတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေလောက်နီးနီးများတဲ့ နောက်ထပ်လူနာအုပ်စုတစ်စုရှိပါသေးတယ်။ အဲဒီအဖွဲ့ကတော့ ကိုယ်ဝန်ဖျက်ချတာရဲ့နောက်ဆက်တွဲဖြစ်ဖြစ်တဲ့ ပြဿနာတွေကြောင့် အရေးပေါ်ဆေးရုံကိုရောက်လာရတဲ့ လူနာတွေပါပဲ။ ကျွန်တော်အလုပ်သင်ဆရာဝန်အဖြစ် အလုပ်လုပ်တဲ့သက်တမ်းတိုလေးမှာတောင် ဖျက်ချပုံနည်းလမ်းမျိုးစုံနဲ့ ဆေးရုံကိုရောက်လာတဲ့လူနာအမျိုးမျိုးကို မြင်ဖူးခဲ့တယ်။
ထီးရိုးတွေ၊ ၀ါးချွန်တွေ၊ သရိုးရွက်တွေ စတဲ့ချွန်ထက်တဲ့အရာမှန်သမျှနဲ့ သားအိမ်ထဲက ကိုယ့်ရင်သွေးလေးကိုသေကြေဒဏ်ရာရပြီး ပျက်ကျအောင်လုပ်တဲ့နည်းလမ်းတွေနဲ့ ကြုံဖူးသလို ဗိုက်ပေါ်တက်ခုန်၊ ၀ါးလုံးနဲ့လှိမ့်ချပြီး ပျက်အောင်လုပ်တာတွေနဲ့လည်း ရင်းနှီးဖူးခဲ့တယ်။ နည်းနည်း ပညာတတ်ပြီး ကြောက်တတ်ပုံရတဲ့သူတွေကတော့ သားအိမ်ညှစ်တဲ့ဆေးတွေထိုးတာ၊ သောက်တာ၊ သားအိမ်ထဲထည့်တာမျိုး သိပ်မနာတဲ့နည်းလမ်းမျိုးတွေကို သုံးကြတယ်။ အသက်ထက်အရှက်ကို ပိုခင်တွယ်တယ်ဆိုတဲ့လူစားမျိုးတွေ၊ လုံးဝမတတ်နိုင်လို့ မကျွေးမွေးနိုင်လို့ပါဆိုတဲ့လူစားတွေ ဘယ်လိုလူစားမျိုးတွေဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျရင်ပြီးရော ဘယ်လိုနည်းလမ်းပဲသုံးရသုံးရ သုံးမယ်ဆိုတဲ့လူပေါင်းများစွာကို သွေးသွန်ရင်း၊ သွေးဆိပ်တက်ရင်း၊ သေလုမြောပါးပုံစံမျိုးစုံနဲ့ ဆေးရုံလုပ်သက်နည်းနည်းလေးမှာတောင် ကျွန်တော်အများကြီးတွေ့ဖူးခဲ့တယ်။
ထူးခြားတာတစ်ခုကတော့ အဲလိုကိုယ်ဝန်ဖျက်ချရင်း ဆေးရုံရောက်လာသူတွေထဲမှာ ပညာတတ်လို့သတ်မှတ်နိုင်တဲ့သူတွေပါဝင်နေတတ်ပြီး သူတို့ထဲက အတော်များများဟာ ဒီလိုအပြစ်မရှိတဲ့ရင်သွေးလေးကို ပျက်ဆီးအောင်လုပ်လိုက်ရတဲ့အတွက် နောင်တရတဲ့ပုံစံမျိုးတွေမရှိနေတတ်တာပါပဲ။ တချို့တွေဆိုရင် သူတို့အသက်အန္တရာယ်ကင်းလောက်ပြီလို့ သေချာသွားတဲ့အချိန်ကျရင် မေးတတ်တဲ့မေးခွန်းတစ်ခုရှိတတ်တယ်။ “ကလေး တကယ်ပျက်သွားပါတယ်နော်” တဲ့။ သူတို့စိတ်ထဲမှာ ဒီလိုအပြစ်မဲ့တဲ့ ကိုယ့်သွေးသားတစ်ယောက်ကို ဖျက်ဆီးပစ်လိုက်ရတဲ့အတွက် နောင်တရဖို့ထက် ကလေးမပျက်မှာကိုတောင် စိုးရိမ်နေတတ်တာတွေ့တော့ အတိုင်းအဆမဲ့တဲ့ မိခင်မေတ္တာဆိုတာကို ကျွန်တော်အယုံအကြည်နည်းချင်လာတယ်။
တစ်နေ့ ဆေးရုံမှာအရမ်းအလုပ်များနေတဲ့အချိန် ကိုယ်ဝန်ဆောင်တစ်ယောက်ရောက်လာတယ်။ အသက်၂၀၀န်းကျင်လောက်ရှိပြီး စုတ်ပြတ်ပေရေတဲ့အ၀တ်အစားတွေကို ၀တ်ဆင်ထားတဲ့ ကောင်မလေးတစ်ယောက်ဟာ လူနာတင်ကုတင်ပေါ်မှာလူးလိမ့်ရင်း အော်ဟစ်နေတယ်။ အနှစ်နှစ်အလလ ရေချိုးထားပုံမရလို့ အနားမကပ်နိုင်လောက်အောင်အနံ့မျိုးစုံထွက်နေတဲ့ ဒီကောင်မလေးဟာ စိတ်မကျန်းမာသူလေးတစ်ယောက်လည်းဖြစ်နေရှာတယ်။
သူဟာ အရင်တုန်းကတည်းက ဒီလိုပဲ ရပ်ကွက်တွေထဲမှာ လျှောက်သွားနေပြီး ဟိုအိမ်ဒီအိမ်ကကျွေးတဲ့ အစားအသောက်ကို တောင်းရမ်းစားသောက် နေရသူတစ်ယောက်ပါ။ အရွယ်ကောင်းစိတ်မနှံ့သူလေးဟာ ကံမကောင်းစွာနဲ့ပဲ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ယုတ်ညံ့လှတဲ့ စိတ်ဓါတ်ပိုင်ရှင်တစ်ယောက်ကြောင့် ကိုယ်ဝန်ရလာခဲ့ပြီးနောက်မှာလည်း ဒီလိုပဲ ရပ်ကွက်ထဲလှည့်လည်ပြီး ၀မ်းရေးအတွက်
ရှာဖွေစားသောက်နေခဲ့တာပါပဲ။ ဒီနေ့တော့ လမ်းဘေးတစ်နေရာမှာ ဗိုက်ကိုဖိရင်း အော်ဟစ်လူးလှိမ့်နေတာကြောင့် ရပ်ကွက်ကလူတွေစစ်ဆေးကြည့်ရာက ကလေးမွေးချင်လို့ နာနေတာဆိုတာသိလို့ ဆေးရုံကိုလာပို့လိုက်တာပါလို့ လိုက်ပို့တဲ့သူတွေက ပြောပြကြတယ်။
သွေးပေါင်တွေအရမ်းတက်နေတဲ့ ကလေးမလေးရဲ့အခြေအနေဟာ ခွဲစိတ်ဖို့လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် သဘောတူကြောင်းလက်မှတ်ထိုးပေးဖို့ ဆွေမျိုးသားချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်ပြီး အချိန်အတော်ကြာကြာမှာ အသက် ၈၀ကျော်အရွယ်လောက်ရှိပုံရတဲ့ အမယ်အိုကြီးတစ်ယောက် ဆေးရုံကို တုန်တုန်ချိချိရောက်လာတယ်။ မျက်ရည်တွေပြည့်လျံနေတဲ့ တစ်ဦးတည်းသော ဆွေမျိုးသားချင်းက သဘောတူလက်မှတ်နေရာမှာ ကြက်ခြေခတ်လေးကို ခြစ်ပေးလိုက်တဲ့အခါမှာတော့ စိတ်မကျန်းမာသူကိုယ်ဝန်ဆောင်လေးကို စတင်ခွဲစိတ်ဖို့ပြင်ဆင်ရပါတယ်။ စိတ်မကျန်းမာသူတစ်ယောက်ဖြစ်နေလို့ ကုသမှုတွေကို အေးအေးဆေးဆေးခံပါ့မလားလို့ တွေးပြီးစိတ်ပူနေခဲ့ပေမယ့် သူ့အတွက် ကောင်းရာကောင်းကျိုး လုပ်ပေးနေတာကို သိပုံရတဲ့ကောင်မလေးဟာ စိတ်မကျန်းမာပေမယ့်လည်း လူကောင်းတွေထက်တောင် ယဉ်ယဉ်ကျေးကျေးနဲ့ ကုသမှုတွေကို ငြိမ်ငြိမ်သက်သက် ခံယူခဲ့တယ်။
အချိန်နည်းနည်းအကြာမှာတော့ ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ ယောကျာ်းလေးတစ်ယောက်ကို မိခင်ရော ကလေးပါ ကျန်းကျန်းမာမာမွေးဖွားပေးနိုင်ခဲ့တယ်။ အထူးခြားဆုံးအချက်ကတော့ လူကောင်းတွေ၊ ပညာတတ်တယ်ဆိုတဲ့သူတွေ ကိုယ့်ဗိုက်ထဲကရင်သွေး သေသွားအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားနေကြချိန်မှာ ဒီစိတ်မနှံ့တဲ့သူလေးကတော့ သူ့ရင်သွေးကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ယုယုယယပိုက်ထွေးထားတယ်။
မိခင်ဆိုတဲ့သိမ်မွေ့နူးညံ့တဲ့ဂရုဏာစိတ်ဝင်နေချိန်မှာ သူ့ဆီမှာ စိတ်မနှံ့တဲ့အရိပ်လက္ခဏာတွေမတွေ့ရတော့ဘူး၊ သူ့ကလေးကို နူးညံ့စွာထွေးပွေ့ထားပြီး နို့ချိုတိုက်ကျွေးနေတဲ့အခိုက်မှာ သူမဟာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မေ့ထားသလိုမျိုးပဲ။ တစ်ခါတလေ ကလေးအိပ်ပျော်နေတဲ့အချိန်လေးတွေ သွေးပေါင်သွားချိန်ရတဲ့အချိန်မှာဆိုရင် ကလေးနိုးသွားမှာစိုးလို့ လက်ကလေးတစ်ဖက်ကို အသံမမြည်အောင် ငြင်ငြင်သာသာကမ်းပေးတတ်တယ်။ ဆေးရုံဝန်ထမ်းတွေက “နင့်ကလေး ငါတို့ကိုပေးပါလား” လို့ နောက်တဲ့အခါ “မပေးနိုင်ပါဘူး အရမ်းချစ်တာ” လို့ပြန်ပြောတတ်တယ်။ စိတ်နဲ့ပတ်သက်တဲ့ သဘောတရားတွေကို နားမလည်ပေမယ့် ကြီးမားတဲ့မိခင်စိတ်ဟာ စိတ်မနှံ့ခြင်းဆိုတဲ့ သေးငယ်တဲ့စိတ်တွေကို မှေးမှိန်သွားစေခဲ့ပုံရတယ်လို့ပဲ ကျွန်တော်ထင်မိတယ်။
ဒါပေမယ့် ဒီကြည်နူးစရာကောင်းတဲ့ မေတ္တာအရိပ်အမြုံလေးကို ကြာကြာမြင်တွေ့ခွင့်မရခဲ့ဘူး။ မိခင်ရဲ့ စိတ်ကျန်းမာရေးအခြေအနေနဲ့ နေထိုင်စားသောက်မှုအခြေအနေတွေအရ ဒီကလေးကိုကောင်းမွန်စွာ မွေးမြူနိုင်မှာမဟုတ်ဘူးလို့ ဆေးရုံကစဉ်းစားပြီး ဒီကလေးငယ်ကို မိဘမဲ့ဂေဟာမှာ မွေးမြူစေဖို့ ဆုံးဖြတ်လိုက်တယ်။ ကလေးငယ်ရဲ့ချစ်စဖွယ်ကောင်းတဲ့ရုပ်ရည်ကြောင့် သူ့မိခင်လက်ထဲမှာထက်စာရင်တော့ ပိုပြီးကောင်းမွန်တဲ့မိဘမျိုးတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကလေးငယ်ရဲ့ အနာဂါတ်အတွက် ရေရှည်ကြည့်ပေးလိုက်တာလည်းပါပါတယ်။
အဲဒီညဘက် သူ့ရဲ့ကလေးငယ်ကို မိဘမဲ့ဂေဟာကို ပို့ဆောင်မွေးမြူဖို့ နားချတဲ့မြင်ကွင်းကိုတော့ ကျွန်တော့်မျက်စိထဲ ဘယ်တော့မှ မေ့ပျောက်နိုင်မယ်မထင်ဘူး။ ကလေးကို ရင်ခွင်ထဲပိုက်ထွေးထားပြီး တွေတွေကြီးစိုက်ကြည့်နေတဲ့ သူမရဲ့မျက်ဝန်းဟာ ဝေခွဲနိုင်ပုံမရတဲ့ပုံစံနဲ့ မျက်ရည်တွေပြည့်လျံနေတယ်။ သူ့ရဲ့ရင်သွေးလေးကို အတိုင်းအဆမဲ့အောင် ချစ်တဲ့မိခင်မေတ္တာနဲ့မခွဲချင်ပေမယ့် သူ့သားလေးရဲ့ကောင်းရာကောင်းကျိုးအတွက်ဆိုတဲ့သဘောကိုလည်း နားလည်နေပုံရတဲ့သူမဟာ ချီတုံချတုံနဲ့ ငိုကြွေးနေတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူ့ကလေးအတွက်ဆိုတဲ့စိတ်နဲ့ ကလေးကိုလက်လွှတ်ဖို့ သူမလက်ခံခဲ့တယ်။ သူမအရာအားလုံးကို လက်လွှတ်အရှုံးပေးခဲ့တယ်။ အဲဒီနေ့က ကောင်မလေး မအိပ်ခဲ့ဘူး။
တစ်ညလုံး သူ့ကလေးငယ်ကို သူရတဲ့သီချင်းလေးတွေနဲ့ ညည်းဆိုချော့သိပ်နေသံကို ရင်နဲ့မဆံ့အောင် ကြားနေခဲ့ရတယ်။ နောက်နေ့မနက် ဂျူတီပြီးတဲ့အခါ သူ့ကိုနှုတ်ဆက်ပြီး ကျွန်တော်အိမ်ပြန်ခဲ့တယ်။ မိခင်တစ်ယောက်က သူ့ကလေးငယ်ကို လွှဲပြောင်းပေးနေတဲ့ မြင်ကွင်းကို ကြည့်နိုင်လောက်အောင် ကျွန်တော်ခံနိုင်ရည်ရှိမယ်မထင်ဘူးလေ။ နောက်ဆုံးတော့ မိဘမေတ္တာဆိုတာ ငွေကြေး၊ ဂုဏ်ဒြပ် ပညာအရည်အချင်း ဘာတစ်ခုနဲ့မှ မသက်ဆိုင်ဘူးဆိုတဲ့အချက်ကို ကျွန်တော်နားလည်သွားနိုင်ပြီထင်ပါတယ်။
မြင့်မိုရ်တောင်လား။ ကျွန်တော်မမြင်ဖူးတော့ ဘယ်လောက်ကြီးလဲ မသိဘူးလေ။ ဒါပေမယ့် အဲဒီမြင့်မိုရ်တောင်ကို ကျွန်တော်သိတဲ့ မိခင်မေတ္တာနဲ့ပမာဏခြင်း နှိုင်းယှဉ်ကြည့်ရင်တော့ မြင့်မိုရ်တောင်ဆိုတာ သေးသေးလေးပါလို့ ကျွန်တော်အသေအချာပြောရဲပါတယ်။
Credit:Myawady News
No comments:
Post a Comment