23 April, 2014

Networking ပညာရပ် အခြေခံကို အွန်လိုင်းမှာ အခမဲ့ လေ့လာမယ်


ကွန်ပြူတာ Networking ပညာရပ်ကို ယခုမှ စတင်လေ့လာ ဖို့ ပြင်ဆင် နေသူများအတွက် အကောင်းဆုံး ဖောင်ဒေးရှင်း ပေးမှာပါ။ လိပ်စာကတော့ - https://learningportal.juniper.net/juniper/resources/courses/golden/netfun/netfun_course/course_start.html အမေရိကန် Juniper ကုမ္ပဏီက ဖြစ်ပါတယ်။ Cisco မဟုတ်ပါဘူး။ သို့ပေမယ့် အခြေခံကျတဲ့ Network Foundation က အတူတူပါပဲ။ သင်ခန်းစာ ၅ နာရီကြာမြင့်ပါတယ်။

တစ်ခေါက်ထဲနဲ့တော့ မရနိုင်ပါဘူး။ Test လည်းပါရှိပြီး final challenge လည်း ဖြေလို့ရပါတယ်။ ပြီးရင် ကိုယ့် အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာပါ တစ်ခါတည်း ထွက်ရှိလာမှာပါ။ Juniper မှာ Network အင်ဂျင်နီယာ ဖြစ်လိုသူများအတွက် အခမဲ့ သင်ကြား ပေးတဲ့ Course ဖြစ်ပါတယ်။ အသံနဲ့ ဗီဒီယိုဖိုင်ပါ။ ၅ နာရီ ကြာမြင့်တဲ့ Assignment ကို သုံးခါလောက် လုပ်ပြီးရင် အခြေခံကျတဲ့ အချက်တွေ ရလို့ Network ပညာရပ်ကို လေ့လာသွားနိုင်မှာပါ။ အားလုံး အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။ .

Aung Kham

သင့်ဘ၀အတွက် ပျော်ရွှင်မှု ရရှိစေမယ့် သိမှတ်ဖွယ်ရာများ


ကိုယ့်နေထိုင်မှုပုံစံ မမှန်လို့၊ ဒါမှမဟုတ် အကျင့်စရိုက်တစ်ချို့ ပြောင်းလဲပစ်ဖို့ လိုနေလို့ ကိုယ့်ရဲ့နေ့စဉ်ဘ၀တွေဟာ လိုအပ်ချက်တွေ ရှိနေတတ်တယ်ဆိုတာမျိုး ဘယ်သူတွေးမိမှာလဲ။ ဘာမှမဟုတ်ဘူးလို့ ထင်တဲ့အရာ တစ်ချို့ကြောင့် သင့်ဘ၀ ပိုမိုပျော်ရွှင်ဖွယ် ကောင်းလာတယ်ဆိုရင်တော့ မဖြစ်မနေကို ပြောင်းလဲပစ်ရမှာပဲနော်။

၁။အိပ်ချိန်တွေကို မလျှော့ပစ်ပါနဲ့။ ဒါဟာ လူတစ်ယောက်အတွက် သိပ်အရေးကြီးတဲ့အရာပါ။ အိပ်ချိန်အပြည့်အ၀ ရှိပါစေ။

၂။ပွေ့ဖက်ခြင်းဟာလည်း သင်ခံစားနေရတဲ့ ဖိအားတစ်ချို့ကို လျှော့ချပေးနိုင်ပါတယ်။ ရယ်မောခြင်းနဲ့ ပွေ့ဖက်ခြင်းအတွက် မတွန့်ဆုတ်ပါနဲ့။

၃။ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ကျေးဇူးတင်စကားပြောပါ။ ဖြစ်နိုင်ရင် note လေးရေးပြီး ကျေးဇူးတင်တဲ့အကြောင်း သူတို့သိအောင် ပို့ပေးပါ။

၎။ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတတ်ပါစေ။ အခက်အခဲတစ်ခုအတွက် ကိုယ်ရုန်းကန်ကြိုးစားခဲ့ရတဲ့အချိန်တွေ၊ ကိုယ်ကျော်လွှားနိုင်ခဲ့တဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးမြှင့်လိုက်ပါ။

၅။လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ အကသင်တန်းတက်တာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်တာကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။

၆။ကိုယ့်စိတ်ကြိုက် သီချင်းတွေချည်း ရွေးပြီး နားထောင်ဖြစ်အောင် နားထောင်ပါ။

၇။ရေများများသောက်ပါ။ ဒါကလည်း နေ့စဉ်ဘ၀မှာ ကိုယ့်ကိုကျန်းမာအောင်၊ ပျော်ရွှင်အောင် ပံပိုးပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၈။သူငယ်ချင်းတွေနဲ့ တစ်ပတ်ကို တစ်ခါ အနည်းဆုံး တွေ့ပေးပါ။ ရယ်စရာမောစရာတွေကြောင့် သင့်စိတ်တွေ ပြန်လည် လန်းဆန်းလာမှာပါ။

Trend

အရမ်းစိတ်ဖိစီးလာချိန် ချက်ချင်း ပြေပျောက်သွားစေမည့် နည်းလမ်းများ


စိတ်ဖိစီးမှုတွေ များလာချိန်မှာ လူအများစုဟာ ချက်ချင်းပြေပျောက်သွားစေမယ့် နည်းလမ်းတွေကို ရှာဖို့ ခက်ခဲတတ်ပါတယ်။ စိတ်ဖိစီးမှုအားလုံး ပျောက်ကင်းသွားအောင်တော့ မစွမ်းဆောင်နိုင်ပေမယ့် လက်ရှိ အချိန်လေးတစ်ခုမှာတော့ စိတ်သက်သာရာရသွားစေမယ့် နည်းလမ်းတွေကို ဖြော်ပပေးလိုက်ပါတယ်။

၁။ ဖွင့်ဟ တိုင်ပင်ကြည့်ပါ

အကြောင်းတစ်ခုကို ဆုံးဖြတ်ဖို့ ခက်ခဲနေချိန်မှာ ကိုယ့်အတွက် အနီးကပ်ဆုံး ယုံကြည်ရတဲ့ သူငယ်ချင်း တစ်ယောက်ကို ဖြစ်ဖြစ်၊ အားကိုးရတဲ့သူ တစ်ယောက်ကို ဖြစ်ဖြစ် ဖွင့်ဟပြောဆိုပြီး အကြံယူပါ။

၂။ အလုပ်တွေကို ခဏမေ့လိုက်ပါ

လုပ်လက်စ အလုပ်တွေကို ခဏလောက်တော့ ရပ်တန့်ပစ်လိုက်ပါ။ သင့်စားပွဲပေါ်က မလိုအပ်တဲ့ ပစ္စည်းတွေကို စတိုခန်းထဲ ချက်ချင်းပို့ပစ်လိုက်ပါ။

၃။ အရက် မသောက်ပါနဲ့

ဖိစီးမှုတွေ များလာချိန်မှာ ခေါင်းအုံ ခေါင်းကိုက်တာမျိုး အဖြစ်များဆုံး ဖြစ်ပါတယ်။ အရက် သောက်တာကြောင့် ခေါင်းပိုကိုက်စေပါတယ်။ ပါရာစီတမောလ် တစ်လုံးသောက်ပြီး ၁၅မိနစ်လောက် အိပ်ပလိုက်ပါ။

၎။ အနှိပ်ခံလိုက်ပါ

အရမ်းကို စိတ်ဖိစီးမှု များနေချိန်မှာ သက်တောင့်သက်သာ ဖြစ်စေတဲ့ အနှိပ်ခံတာလိုမျိုးကို တစ်နာရီလောက် အချိန်ပေးပြီး လုပ်လိုက်ပါ။ နှိပ်နယ်တာက သက်တောင့်သက်သာ ဖြစ်စေတာ တစ်ခုတည်း မဟုတ်ပါဘူး။ သွေးလည်ပတ်မှုတွေကို ကောင်းစေပြီး စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေလည်း ထွက်စေတဲ့အတွက် စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းစေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။

၅။ စာတစ်ပိုဒ်လောက် ချရေးပါ

ဟိုးအရင်က ပျော်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ဖြစ်စေ၊ လက်ရှိသင်ခံစားနေရတဲ့ အကြောင်းအရာ တစ်ခုကိုဖြစ်စေ စာတစ်ပိုဒ်လောက် ချရေးလိုက်ပါ။ စာရေးရင်း ငိုချင်ရင် အားရပါးရ ငိုချလိုက်ပါ။ ပြီးရင် စာအုပ်ကို ပိတ်ပြီး ခဏလောက် နားလိုက်ပါ။

၆။ အတိုကောက် မှတ်သားထားပါ

အလုပ်တွေ အရမ်းများလွန်းလို့ စိတ်ဖိစီးတာ ဆိုရင် သင့်စားပွဲတင် ပြက္ခဒိန်ပေါ်မှာ စာရွက် တစ်ရွက်ကပ်ပြီး တစ်လတာအတွင်း လုပ်ရမယ့် အလုပ်တွေကို အတိုကောက် ချရေးထားလိုက်ပါ။ ဘယ်ရက်မှာ ဘယ်အလုပ်ကို အရင်ပြီးအောင် လုပ်မယ်ဆိုတာကို ပြက္ခဒိန်နဲ့ တွဲမှတ်ပြီးသား ဖြစ်စေပါတယ်။

၇။ ဈေးဝယ်ထွက်ပါ

အမျိုးသမီး အများစုဟာ ဈေးဝယ်ထွက်တာကို ၀ါသနာပါတတ်ပါတယ်။ အချို့အမျိုးသားတွေလည်း ဒီလိုပါပဲ။ ဒါပေမယ့် လူထူထပ်တဲ့ အချိန်တွေမှာတော့ ဈေးဝယ်မထွက်လိုက်ပါနဲ့။ စိတ်ပိုညစ်သွားနိင်ပါတယ်။ အိမ်ရှင်မတွေ ဈေးသွားနေကျ မဟုတ်တဲ့အချိန်၊ ရုံးပိတ်ရက် မဟုတ်တဲ့ အချိန်မျိုးတွေမှာ ဈေးဝယ်ထွက်ပါ။

၈။ နည်းနည်းတော့ ရယ်မောပါ

စိတ်ဖိစီးနေတာကို ဘယ်လို ရယ်နိုင်မလဲလို့ တော့ မတွေးပါနဲ့။ မှန်ကြည့်ပြီး တော့ ဖြစ်ဖြစ် ပါးစပ်ကို ဟပြီး ခပ်ကျယ်ကျယ်လေး ရယ်မောလိုက်ပါ။ အနည်းဆုံးတော့ သင့်ကို စိတ်ဖိစီးအောင် လုပ်နိုင်တဲ့သူနဲ့ စိတ်ဖိစီးစေတဲ့ အရာတွေကို အနိုင်ယူလိုက်သလိုပါပဲ။

၉။ ဟင်းတစ်ခွက်လောက် ချက်ပါ

အရသာရှိမယ်ထင်ပြီး သင့်စိတ်ထဲမှာ ကြိုက်နှစ်သက်စေမယ့် ဟင်းတစ်မျိုးလောက် ချက်ပါ။ စိတ်ဖိစီးမှု များနေချိန်မှာ ဘာမှ မစားချင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် စားလို့ ဖြစ်စေမယ့် အစားအစာ တစ်မျိုးလောက်ကို မြန်မြန်လေး ချက်ပြီး လှလှလေး ပြင်ဆင်ကာ တစ်ယောက်တည်း ထိုင်စားပါ။ ဆီများတာတွေနဲ့ ဆီကြော်စာတွေတော့ ရှောင်ပါ။

၁၀။ ကိုယ်ပိုင် အချိန်လေး ဖန်တီးလိုက်ပါ

တစ်ရက်လုံး ကိုယ်ကြိုက်တဲ့ အစားအစာတွေ စားခြင်း၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ နားတောင်ခြင်း၊ ကြိုက်တဲ့ ဇာတ်လမ်းတွေ ကြည့်ခြင်းစတဲ့ စိတ်ထဲ သက်တောင့်သက်သာ ဖြစ်စေမယ့် အနားယူမှုမျိုး ပြုလုပ်ပါ။

credit>>သဲသဲ
World-Myanmar

12 April, 2014

တယ်လီနော နဲ့အူရီဒူး ရေ၊ တို့ကတော့ MPT ကိုဘဲဆက်လက်အားပေးသွားမယ်နော် ခိ ခ်


အူရီဒူးသည် သရီးဂျီ စနစ်ကို စမ်းသပ်သည်အောင်မြင်
သွားသည်။
-ရှင်အခုဘယ်မှာလဲ''... ''
-မိန်းမ ...ကိုယ်ရုံးမှာရှိနေဒုန်းပဲ''...
-ရှင်ညာနေတယ် ဖိုင်းမိုင်အိုင်ဖုန်းမှာ ရှင့်ရဲ့လိုကေးရှင်း
က ကေတီဗွီထဲမှာပြနေတာ.
-ဂိန်
---------------------
တယ်လီနော်သည် ဗီယိုခေါလင်းစနစ်ကို စမ်းသပ်သည်
အောင်မြင်သွားသည်။
-ရှင်အခုဘယ်ရောက်နေလဲ
-ကိုယ် ..အိုဗာတိုင် ဆင်းနေရလို့ပါကွာ...
-ဒါဆိုရင် ရှင့်ကို ဗီယိုခေါနဲ့ခေါ်လိုက်မယ်''...
-'ဂိ
------------------------------
အမ်ပီတီသည် တိုင်ပျောက်စနစ်ကိုအသုံးပြုနေသည်။
အောင်မြင်မှုများလည်းရနေသည်။
-ရှင်အခုဘယ်ရောက်နေလ.ဲ'
-မိန်းမ..မင်းပြောတာသိပ်မကြားရဘူးကွာ..ကိုယ်ခဏနေ
ပြန်ခေါ်လိုက်မယ်... အဟွင်းဟွင်း.
-----------------
ကျနော်အကြိုက်ဆုံးကတော့ အမ်ပီတီ ပါပဲဗျာ....ခိ ခိ
( ဘိန်းစား ဘွန်ဟောင်း)

Myawady News

ဖရဲသီး ပုံမှန်စားခြင်းက နှလုံးဖောက်ပြန်ခြင်းနှင့် သွေးတိုးခြင်းတို့ကို လျော့ကျစေနိုင်


အဝလွန်သူများတွင် သွေးတိုးနိုင်သည့် အခြေအနေကို ဖရဲသီး စားခြင်းဖြင့် လျော့နည်းသွားအောင် ဆောင်ရွက်နိုင်မည်ဟု ပညာရှင်များက ယူဆထားသည်။

ဖရဲသီး ပုံမှန်စားခြင်းသည် နှလုံးဖောက်ပြန်ခြင်းနှင့် သွေးတိုးခြင်းတို့ကို လျော့ပါးစေနိုင်မည့် သဘာဝ နည်းလမ်းကောင်း တစ်ရပ်အဖြစ် သုတေသီများက ယုံကြည်ယူဆနေကြောင်း သိရသည်။ ဖရဲသီးသည် သွေးကြောများကို နွေးထွေးစေပြီး သွေးလွှတ်ကြောများအတွင်း သက်ရောက်လာသည့် ဖိအားကို လျှော့ချပေးနိုင်သည်။ အဝလွန်သူများတွင် သွေးတိုးနိုင်သည့် အခြေအနေကို ဖရဲသီး စားခြင်းဖြင့် လျော့နည်းသွားအောင် ဆောင်ရွက်နိုင်မည်ဟု ပညာရှင်များက ယူဆထားသည်။ ရာသီဥတု အေးမြသော အချိန်မျိုးတွင် သွေးတိုးနိုင်ခြေ ပိုများတတ်သော်လည်း ဖရဲသီးက သွေးကြောများ၏ အပူချိန်ကို မြှင့်တင်ပေးခြင်းဖြင့် သွေးတိုးခြင်းနှင့် နှလုံးရုတ်တရက် ထိခိုက်ဖောက်ပြန်ခြင်းတို့ကို အတိုင်းအတာ တစ်ရပ်ထိ တားဆီးပေးနိုင်စွမ်း ရှိနေသည်။

ရာသီဥတု အလွန်အေးမြနေသော အချိန်မျိုးတွင်ပင် ဖရဲသီးက သွေးကြောများ၏ အပူချိန်ကို သိသိသာသာ တက်လာအောင် အားပေးကူညီတတ်ကြောင်း သုတေသီများက ထောက်ခံခဲ့သည်။ ကမ္ဘာတဝှမ်းတွင် သွေးတိုးရာမှ နှလုံးရုတ်တရက် ဖောက်ပြန် သေဆုံးမှုများသည် ရာသီဥတု အေးမြနေသော အချိန်မျိုးတွင် ပိုမိုပေါများကြောင်းလည်း သိရှိရသည်။ ရာသီဥတု အေးမြသောအခါ သွေးကြောများ စီးဆင်းမှုကို နှောင့်နှေးစေပြီး ထိုအခါ နှလုံးက ပိုမို၍ အားထည့် အလုပ်လုပ်ရသည်။ အဓိပ္ပါယ်အားဖြင့် လူအများအတွက် နှလုံးရောဂါ ထဖောက်မှုနှင့် လေဖြတ်ခြင်းတို့ ရုတ်တရက် ကြုံဆုံခံစားရရန် ဖြစ်နိုင်ခြေ ပိုများသွားတတ်သည်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ ပရော်ဖက်ဆာ အာတူရို ဖီဂွယ်ရိုအာက “လေ့လာတွေ့ရှိချက်တွေအရ ဖရဲသီး ပုံမှန်စားတဲ့အခါ ပင်မသွေးလွှတ်ကြောနဲ့ နှလုံးအပေါ်ကို သက်ရောက်နေတဲ့ ဖိအားက သိသိသာသာ လျော့နည်းသွားကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ သုတေသီများသည် အဝလွန်သည့် အခြေအနေ ရှိနေသော သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီး (၁၃)ဦးတို့ကို (၁၂)ပတ်ကြာ လေ့လာဆန်းစစ်ပြီး ယခုရလဒ်ကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ဖရဲသီးမှာ ပါဝင်တဲ့ L-citrullineနဲ့ L-arginineတို့ဟာ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ဝန်ထုပ်ဝန်ပိုး လျော့ကျစေပါတယ်။ အဓိပ္ပါယ်ကတော့ နှလုံးရဲ့ လှုပ်ရှားမှုတွေဟာ နေ့စဉ်နေ့တိုင်း သာမန်ထက် လွယ်ကူနေတတ်ပြီး အအေးဓာတ်ကြောင့် ကြုံရနိုင်တဲ့ ဖိအားကိုလည်း ချေဖျက်နိုင်ပါတယ်”ဟုလည်း ဒေါက်တာ ဖီဂွယ်ရိုအာက ရှင်းပြသွားသည်။

Planet Myanmar Network

10 April, 2014

ကျည်ပွေ့အတက်များယူဆောင်လာသည့် ''ဝ.ထ.က.လ.သ''ပညာရေး

''ဦးသာဝ လာသလား။ ဦးသာဝ လာ၏။ ကားလာသလား။ ကားလာ၏။ ဦးသာဝသား လာသလား။ ဦးသာဝသား လာ၏''ဟူသော စာအံသံ၊ စာရွတ်သံတို့သည် ဒရယ်ဘိုကျေးရွာ မူလတန်းကျောင်းကလေးဆီမှ ရန်ကုန်အဝေးပြေး ကားလမ်းမပေါ်အထိ ပျံ့လွင့်နေသည်။ ''ဝ၊ ထ၊ က၊ လ၊ သ''စာလုံးများရေးသားထားသော အစိမ်းရောင်သင်ပုန်းပေါ်မှ စာလုံးများကို သံပြိုင်ရွတ်ဆိုနေချိန်သည် ဘဝ၏ ပထမဦးဆုံး စာဖတ်ခြင်းအလေ့ကို စတင်လိုက်ခြင်းပင်ဖြစ်သည်။

အခြေခံ စာတတ်မြောက်ရေး (မြန်မာစာ) စာအုပ် စာမျက်နှာ(၃) ရှိ ဦးသာဝအမည်ရှိ စာပိုဒ်ကို စာလုံးပေါင်းပြရင်း ''အခုစာသင်နေတာ ဦးသာဝကို ရောက်ပီလေ။ စာတတ်သွားရင် မင်္ဂလာဆောင်ဖိတ်စာနဲ့ အသုဘဖိတ်စာလောက်တော့ ကိုယ့်ဘာသာဖတ်နိုင်မှာပေါ့''ဟု ဒရယ်ဘို ရွာတွင်နေထိုင်သော အတန်းသူ တစ်ဦးက ပြောသည်။

ဘဝ၏ ပထမဦးဆုံးအလုပ်အဖြစ် စာဖတ်၊ စာသင်ခြင်းကို စတင်လိုက် သူများသည် မိခင်က လက်ဆွဲ၍ ကျောင်းသို့ လိုက်ပို့ရသည့် မူလတန်း ကလေးငယ်များ မဟုတ်ကြပေ။ သူတို့သည် လှည်းကူးမြို့နယ် ဒရယ်ဘိုကျေးရွာတွင် နေထိုင်သော အသက်(၂၉)နှစ် အရွယ်မှနေ၍ အသက် (၇ဝ)အရွယ် သားသည် အမေများနှင့် အဘွားများ ဖြစ်နေကြသည်။

အသက် (၆၂)နှစ်ရှိ ဒရယ်ဘိုရွာသူ အမယ်အိုဒေါ်အုံးက ''ညီအစ်မ အရင်းနှစ်ယောက်လုံး စာလာသင်တာ၊ တကယ့်ကို စာဖတ်တတ်ချင်လို့''ဟု ညီမဖြစ်သူ ဒေါ်စိန်မြင့်အား ကြည့်ရင်းသွားများပေါ်သည်အထိ ပြုံးကာပြောသည်။

မြန်မာနိုင်ငံတွင် စာတတ်မြောက် မှုနှုန်းသည် ၉၅ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ကျန်ရှိသည့် အခြေခံစာမတတ်မြောက်သူ ကျန် ငါးရာခိုင်နှုန်းမှာ ကျေးလက်ဒေသနေ ပြည်သူအများစုဖြစ်နေသည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်ဆရာ အတတ်သင် သိပ္ပံကျောင်းရှိ ကျောင်းသားများက စာမတတ်သူများအား အခြေခံစာတတ်မြောက်စေရန် အရေး၊ အဖတ်၊ အတွက်ကို တတ်မြောက်အောင်သင်ကြားပေးခဲ့သည်မှ အစပြု၍ စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုတွင် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူများ စတင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၆၄ မှ ၁၉၈၈ ထိ တက္ကသိုလ်ကျောင်းသား
ကျောင်းသူများ၏ လုပ်အားဖြင့် စာတတ်မြောက်ရေး လှုပ်ရှားမှုကိုကမ္ဘာကအသိမှတ်ပြုရသည်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လုပ်အားပေးအဖြစ် ပြန်လည်ပါဝင်သည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုကို မြို့နယ်ပေါင်း ကိုးမြို့နယ်ဖြင့် စတင်နိုင်ခဲ့သည်။

၂ဝ၁၄ ခုနှစ် စာတတ်မြောက်ရေး လှုပ်ရှားမှုစာတန်းပါ အဖြူရောင် တီရှပ်ကို ဝတ်ဆင်ထားသည့် တတိယနှစ် ဥပဒေကျောင်းသူ မစုမြတ်ခိုင်က ''အရင်က လက်မှတ်တွေ ဘာတွေထိုးရင် လက်မှတ်နေရာမှာ ကြက်ခြေခတ်ဖြစ်တယ်၊ စာစသင်တဲ့ ရက်ကဆိုရင် အဒေါ်ကြီးတွေက ဝမ်းသာလို့ငိုတယ်၊ အဒေါ်ကြီးတွေ စာကို အော်ဆိုတော့ သမီးငိုတောင် ငိုချင်တယ်။ အခုကျတော့ သူတို့ နာမည်ကို သူတို့ကိုယ်တိုင်ရေးတတ် လာမှာပါ''ဟု ဆိုသည်။

မြို့နယ်ပေါင်း၂၉မြို့နယ်ရှိစာမတတ်သူ လေးသောင်းခြောက် ထောင်ကျော်တို့သည် တက္ကသိုလ် ကောလိပ် ၃ဝ မှ ကျောင်းသား ကျောင်းသူ ၄၂၆၁ ၏ လုပ်အားပေး သင်ကြားမှုများကြောင့် လာမည့် မေလအတွင်းတွင် စာဖတ်နိုင်၊ ရေးနိုင်၊ တွက်ချက်မှုများ ပြုလုပ်နိုင်ကာ အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာမည်ဟု ကျောင်းပြင်ပ ပညာရေးလုပ်ငန်းအဖွဲ့၏ ကျွမ်းကျင် သူများက သုံးသပ်သည်။

လှည်းကူးမြို့နယ်ရှိ စာမတတ်သူ ပပျောက်ရေး ပထမစီမံချက်တွင် စာသင်ဝိုင်း ၂ဝ၉ ဝိုင်း၊ စာသင်သား ၁၉၇၉ ဦးဖြင့် လျာထားသည်။ ယင်းသို့လျာထားချက်ထားရှိရာတွင် တချို့ရွာများတွင် အသက်အရွယ်ရမှ စာသင်ကြားရမည်ကို ရှက်ခြင်း၊ ကြောက်ခြင်းများ ရှိနေသည်ဟု လှည်းကူးမြို့နယ် စာတတ်မြောက် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလွင်ပင်က ပြောကြားသည်။

''ဒါပေမယ့် အခု စာသင်ဝိုင်းတွေကို တက္ကသိုလ်က ဆရာ ဆရာမတွေ ရောက်သွားတဲ့အခါမှာ စိတ်ဝင်စားလာပြီး တဖြည်းဖြည်းနဲ့ လူဝင်လာတယ်။ အခုလည်း အင်အားတဖြည်းဖြည်း တိုးလာဖို့ အခြေအနေရှိတယ်။ ဒါဟာ ဆရာမလေးတွေ စည်းရုံးရေး တော်လို့ဖြစ်ပါတယ်''ဟု ဦးလွင်ပင် က ဆက်လက်ပြောပြသည်။

ဒရယ်ဘိုကျေးရွာ မူလတန်း ကျောင်းလေးတွင် အမျိုးသမီးကြီး ၂၂ ဦး စာသင်ကြားလျက်ရှိသည်။ စာသင်သူများသည် အသက် ၄ဝ၊ ၅ဝ၊ ၆ဝ ကျော် သားသည် အမေများ ဖြစ်ကြသည်။ သင်ကြားပေးနေသူများမှာ အသက်(၁၈)နှစ်ဝန်းကျင် တက္ကသိုလ် ကျောင်းသူလေးများဖြစ် ကြသည်။

အမျိုးသမီးကြီး ၂၂ ဦးသည် သူတို့စာတတ်ခဲ့ပါက ''ဘယ်စာမဆို အကုန်လုံးဖတ်မှာပဲ၊ အဓိကကတော့ စာစောင်တွေဘာတွေ၊ မှုခင်းတွေ အရမ်းဖတ်ချင်တယ်၊ စာတတ်တော့ ဘုရားစာ၊ တရားစာလေးဖတ်ရတာ ပေါ့ကွယ်၊ စာဖတ်တတ်သွားရင် သားသမီးတွေပေးတဲ့ စာတွေဖတ်မယ်၊ ကိုရီးယားကားထဲက စာသားတွေ လိုက်ဖတ်ချင်တယ်'' စသော ရင်တွင်းဆန္ဒများဖြင့် နာရီ ၁၂ဝ ကြာသင်ယူရမည့် စာသင်ဝိုင်းများသို့ လာရောက်ကြခြင်းဖြစ်သည်။

စာမတတ်သူ ပြည်သူများအတွက် အရေး၊ အဖတ်၊ အတွက် သင်ကြားသည့် ''အ''သုံးလုံးလှုပ်ရှားမှုများသည် ကျေးလက်နေပြည်သူများအတွက် ထိရောက်မှုရှိခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ယူနက်စကိုမှချီးမြှင့်သည့် ''မိုဟာမက် ရီဇာပါလာဗီ'' ဆုနှင့် ၁၉၈၃ တွင် ဂျပန်နိုင်ငံက ချီးမြှင့်သည့် ''နိုမာ''ဆုများကို ရရှိခဲ့သည်။

အသက်(၂၉)နှစ်အရွယ် ကလေး နှစ်ဦးမိခင် မစုစုလှိုင်က ''ညီမက စာမတတ်တော့ ကိုယ့်ကလေးကို စာမသင်ပေးတတ်ဘူး'' ဟု စိတ် မကောင်းစွာပြောရင်း အစိမ်းရောင် သင်ပုန်းပေါ်ရှိ ''ဦးသာဝ''စာပိုဒ်ကို ထပ်မံကာ စာလုံးပေါင်းရွတ်ဆိုရန် အတွက် အသင့်ပြင်ထားပြီဖြစ် သည်။

မြန်မာ့ဓလေ့ခါသင်္ကြန်

အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်
သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဖြစ်ကြောင်းကို ရှေးသူဟောင်းတို့ ဖွင့်ဆိုကြသည်။ မြန်မာအဘိဓာန်တွင် “ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောကာလ ရေပက်ဖျန်းသည့် နှစ်သစ်ကူးပွဲတော်” ဟု ဖော်ပြသည်။ သက္ကတစကား သင်္ကြန္တိမှ ဆင်းသက်ကြောင်းရေးသားသည်။ မြန်မာ့စွယ်စုံကျမ်းတွင် “ သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာသည်။ သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ ဖြစ်သည်” ဟု ရေးသားထားကြောင်း တွေ့ရပါသည်။
မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် “ သင်္ကြန်ဆိုသည်မှာ (၁) မြန်မာ့ဆယ်နှစ်လတွင် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်သမယ၊ တန်ခူး သို့မဟုတ် ကဆုန်လ (၂) နှစ်သစ်ကူးရေဖြန်းပွဲ “ ဟု အနက်ဖွင့်သည်။
သင်္ကြန်အခါပြောင်းချိန်မှာ
သူရိယသိဒ္ဓန္တကျမ်းလာတွက်နည်းများအရ ၃၆၅ရက်၊ ၆နာရီ၊ ၁၂မိနစ်၊ ၃၇စက္ကန့်ခန့်တွင် တစ်နှစ် သို့မဟုတ် ကမ္ဘာက နေကိုတစ်ပတ်ပတ်မိသောအခါ သင်္ကြန်တစ်ကြိမ်မှတ်ယူသည်။ တစ်နည်းဆိုသော် တနင်္ဂနွေ ရ၀ိပုဋဂြိုလ်စင်သည် များသောအားဖြင့် မိဿရာသီခေါ် တန်ခူးလ၏အစ သုညအံသာသို့ ၀င်ရောက်လျှင် မြန်မာတို့က သင်္ကြန်ကျချိန် သတ်မှတ်ပါသည်။ အတာကူးချိန်ဟုလည်း ခေါ်ပါသည်။ တနင်္ဂနွေရ၀ိမဈဂြိုလ်သွမ်းမိဿရာသီ တန်ခူးလအစ သုညအံသာသာသို့ရောက်ချိန်မှာ သင်္ကြန်တက်ချိန် ဖြစ်သည်။ အတာကူးချိန်၊ အတာတက်ချိန်၊ နှစ်သစ်ဆန်းချိန်ဟုလည်း ခေါ်ပါသည်။ တစ်နည်းအားဖြင့် တနင်္ဂနွေဂြိုလ်နှင့် အဿဝဏီနက္ခတ်တို့သည် မိဿရာသီသို့ စတင်ဝင်ရောက်၍ ယှဉ်သောအချိန် ဖြစ်ပါသည်။ သင်္ကြန်ကျချိန်နှင့်တက်ချိန်တို့၏ ကြားရက်သည် သင်္ကြန်အကြတ်ရက် ဖြစ်ပါသည်။
ရက်အလိုက်သင်္ကြန်အမည်
နာရဒသံဟိတကျမ်းအရ သင်္ကြန်ကျနေ့သည် တနင်္ဂနွေနေ့ဖြစ်လျှင် ဂွေရာသင်္ကြန်၊ တနင်္လာနေ့ဖြစ်လျှင် ဒွမ်းရှိသင်္ကြန်၊ အဂါင်္နေ့ဖြစ်လျင် မဟောဒရီသက်ြန်၊ ဗုဒ္ဓဟူးနေ့ဖြစ်လျှင် မဏ္ဍကိနိသင်္ကြန်၊ ကြာသာပတေး နေ့ဖြစ်လျှင် နန္ဒာသင်္ကြန်၊ သောကြာနေ့ဖြစ်လျှင် မန္တရာသင်္ကြန်၊ စနေနေ့ဖြစ်လျင် ယက္ခသိကာသင်္ကြန်ဟု အမည်ပေးထားကြောင်း သိရပါသည်။
နှစ်အလိုက်သင်္ကြန်အမည်များ
သင်္ကြန်လက်ရိုးကျမ်းအရ နှစ်အလိုက် သင်္ကြန်အမည်(၁၂)မျိုးခွဲခြားသတ်မှတ်ထားကြောင်း တွေ့ရပါသည်။ အတာနှစ်သစ် သက္ကရာဇ်အရှည်တည်ကိန်းတွင် ၂ နှုတ်ပြီး ရလဒ်ကို ၁၂နှင့်စားပါ။ အကြွင်း၁ဖြစ်လျှင် ဖေယျနှစ်ဖြစ်၏။ ၂ဖြစ်လျင် ၀ိသာခါ၊ ၃ဖြစ်လျင် ဇေဌ၊ ၄ဖြစ်လျှင် အာသဠာ၊ ၅ ဖြစ်လျှင် သရ၀ဏ္ဏ၊ ၆ဖြစ်လျှင် အဒြ၊ ၇ဖြစ်လျှင် အသာယုဇ၊ ၈ဖြစ်လျှင် ကြတ္တိကာ၊ ၉ဖြစ်လျှင် မိဂသီ၊ ၁၀ဖြစ်လျှင် ဖုသျှ၊ ၁၁ဖြစ်လျှင် မာဃ၊ ၀ဖြစ်လျှင် ဘဂ္ဂုဏနှစ် ဖြစ်၏။ ဇေယျနှစ်တွင် ကျင်းပသောသင်္ကြန်ကို ဇေယျသင်္ကြန်ဟု ခေါ်သကဲ့သို့ အခြားနှစ်များတွင် ကျင်းပသော သင်္ကြန်များကိုလည်း နှစ်အလိုက်အမည်များရှေ့မှာထား၍ သုံးစွဲကြောင်းသိရသည်။
တစ်နှစ် ၁၂လ သင်္ကြန်ကျ
တစ်နှစ်တွင် ၁၂ လရှိသည်။ တနင်္ဂနွေဂြိုလ်နေမင်းသည် ထိုလတို့သို့ အစဉ်အတိုင်းဝင်ရောက်ခြင်းကို အကြောင်းပြု၍ တစ်နှစ်တွင် ဆယ့်နှစ်ရာသီ ပိုင်းခြားထားပါသည်။ထို့ကြောင့် တစ်လတစ်ကြိမ် သင်္ကြန်အခါကျရောက်ပါသည်။ တစ်ရက်အဖို့တွင်လည်း နေမွန်းတည့်ချိန်၊ ညဥ့်မွန်းတည့်ချိန်၊ နေစထွက်ချိန်၊ နေစ၀င်ချိန်၊ တစ်နည်းအားဖြင့် မွန်းတည့်ချိန်နှင့် နံနက်၊ ညနေဆည်းဆာအချိန်များသည် အကူးအပြောင်းကာလ သင်္ကြန်အခါများပင် ဖြစ်ပါသည်။

မြန်မာ့သင်္ကြန်ပွဲ
နှစ်ဟောင်းကုန်စ၊ နှစ်သစ်မကူးမီကာလ၊ သင်္ကြန်အကျတွင် မြန်မာတို့က ရေသဘင်ပွဲခြိမ့်ခြိမ့်သဲ ဆင်နွှဲကြသည်။ ရေကန်တော့ပွဲ၊ ရေကစားပွဲတစ်မျိုးပင် ဖြစ်ပါသည်။ နံ့သာမျိုး၊ အမွှေးမျိုးတို့ ထုံသောရေကို သပြေခက်စသည်ဖြင့် ဆွတ်ဖြန်ူခြင်း၊ လူကြီးမိဘတို့အား ရေချိုးခေါင်းလျှော်ပေးခြင်းမှအစ လူငယ် အချင်းချင်း ခင်မင်မှုအရ ရေပက်ဖျန်းခြင်း ဖြစ်ပေါ်လာဟန်ရှိပါသည်။
သင်္ကြန်ပန်း
သင်္ကြန်ပန်းဆိုသည်မှာ “ ရေထည့်ထားသော အတာအိုးခေါ် မြေဖြင့်ပြုလုပ်ထားသော သင်္ကြန်အိုးတွင် ထိုးစိုက်ရသည့် ခုနှစ်နေ့ခုနှစ်နံပန်းခုနှစ်မျိုးပင်ဖြစ်သည်။” ရှေးအခါက သင်္ကြန်ကျခြင်း အမှတ်အသား ဖြစ်သော အခါတော်ကြားသင်္ကြန်အမြောက်သံပေးလျှင် လူအများသည် သင်္ကြန်အိုးကိုယ်စီဖြင့် အမိုးအကာ တို့၏ အပြင်သို့ထွက်လာကြသည်။ ကောင်းကင်မှဆင်းလာသည်ဟုယူဆသော သိကြားမင်းမြင်သာထင်သာ ရှိစေရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သိကြားမင်း၏ ရွှေပုရပိုက်မှတ်တမ်းတွင် ကုသိုလ်ရှင်စာရင်း ၀င်မည်ဟု ယုံကြည်ကြသူများ ရှိပါသည်။
သင်္ကြန်ထမင်း
သင်္ကြန်ထမင်းဆိုသည်မှာ “ ပျားဖယောင်းနံ့စွဲအောင် အခိုးသတ်ထားသည့်အိုးတွင် ဆန်ထည့်၍ ရေခန်းချက်ပြီးလျှင် ရိုးရိုးရေ သို့မဟုတ် ဖယောင်းနံ့ရရှိအောင် ပြုလုပ်ထားသောရေနှင့် စိမ်ထားသော ထမင်း” ကို ငါးခြောက်ကြော်၊ အချဉ်သုတ်၊ ငရုတ်သီးစိမ်းတို့နှင့် စားသုံးခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်လေးဆယ်ကျော်က မွန်ပြည်နယ်တွင် တွေ့ခဲ့ရသော သင်္ကြန်ထမင်းပြုလုပ်ပုံကို ဖြည့်စွက်တင်ပြလိုပါသည်။ မီးထွန်းထားသော ပျားဖယောင်းတိုင်၏ အပေါ်မှ မြေသောက်ရေအိုးအသစ်ကို လေ၀င်သာရုံချန်၍ မှောက်ထားခြင်းဖြင့် ဖယောင်းမှိုင်းခံသည်။ မှိုင်းဝသောအခါ အိုးကိုလှန်၍ အိုတွင်းသို့ ရေလောင်းထည့်ပါက ဖယောင်းနံ့ရသောရေ ဖြစ်လာပါသည်။ ထိုရေကို ထမင်းနှင့်ဖျော်ပေးပါက သင်္ကြန်ထမင်းရပါသည်။ ငါးခြောက်ကြော် ၊ အချဉ်သုတ်၊ ငရုတ်သီးစိမ်းတွှိုမှာ သင်္ကြန်ထမင်းအတွက် အဖက်များဖြစ်ကြသည်။ ယခုအခါ မွန်ပြည်နယ်တွင်သင်္ကြန်ထမင်းဒါနပွဲ ပြုလေ့ရှိပါသည်။ အချို့က ဖယောင်းနံ့ရသောရေ၊ ထမင်း၊ ငါးခြောက်နှင့် သရက်သီးစိမ်းချက်တို့ တွဲဖက်ဝေငှလေ့ရှိကြောင်း တွေရသည်။ ရခိုင်ပြည်နယ်တွင်လည်း ဤနည်းကို ဆောင်ရွက်ကြောင်း မှတ်သားရသည်။
သင်္ကြန်စာ
သင်္ကြန်စာဆိုသည်မှာ သင်္ကြန်အချိန်ကို အဓိကထား ဖော်ပြသောစာ ဖြစ်ပါသည်။ မြန်မာအဘိဓာန်တွင် နှစ်သစ်ကူးမည့် နေ့ရက်ချိန်ခါနှင့် နှစ်သစ်တွင်ဖြစ်ပေါ်မည့် မိုးလေ၀သ၊ သီးနှံထွက် စသည့် အခြေအနေ များကို ဟောထားသော စာတမ်းဟု ဖော်ပြထားပါသည်။ မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် “ ဗေဒင်နက္ခတ် ပညာရှိတို့က နှစ်သစ်ကူးမည့်နေ့၊ ရက်၊ အချိန်၊ နာရီနှင့်တကွ ဂြိုလ်နက္ခတ်တို့ကို တွက်ချက်၍ နှစ်သစ်တွင် ကျရောက်ဖြစ်ပေါ်မည့် မိုးလေ၀သအခြေအနေ၊ ကောက်ပဲသီးနှံတိုးမှု၊ ဆုတ်မှု စသည်တို့ကို ထုတ်ဖော်ဟောပြောထားသောစာဖြစ်သည်” ဟု ဖွင့်ပြပါသည်။`
သင်္ကြန်အမြောက်
သင်္ကြန်ကျချိန်တွင် သင်္ကြန်ကျကြောင်းသိစေရန် အဆန်မပါဘဲ ပစ်ဖောက်ရသည့်အမြောက် သို့မဟုတ် ဖြစ်မြောက်အောင် မစွမ်းနိုင်ဘဲ ကြွားဝါပြောဆိုသူဟု မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် ဖွင့်ပြထားပါသည်။ သင်္ကြန်အမြောက်ပစ်ဖောက်၍ အခါကြားခြင်းအလေ့အထမှာ မြန်မာမင်းများ လက်ထပ်ကပင် ရှိခဲ့ပါသည်။ မန္တလေးရတနာမဉ္ဇူဘုရား ရာဟုထောင့်ရှိ မန္တလေးရတနာပုံခေတ်ထိုး ကျောက်စာတစ်ချပ်တွင် သင်္ကြန်အမြောက်ပစ်ဖောက်သောအခါ ကုသိုလ်မှုတို့ စတင်ပြုကြကြောင်း ရေးထိုးမှတ်သားထားပါသည်။
အတာစား
မြန်မာမှုနယ်ပယ်တွင် (၁) အတာကူး(၂) အတာတက်(၃) အတာရေ(၄) အတာသဘင်(၅) အတာစား(၆) အတာအိုး ဟူသောစကားများတွင်ကျယ်လျက်ရှိသည်။ အတာကူးဆိုသည်မှာ အတာချိန်တစ်ခုမှ တစ်ခုသို့ ကူးသွားခြင်း၊ အတာတက်ဆိုသည်မှာ အတာချိန်အဟောင်းမှ အသစ်သို့တက်သွားခြင်း၊ သို့မဟုတ် ခရိးဟောင်းကုန်ဆုံးသဖြင့် ခရီးသစ်သို့ရောက်သွားခြင်း၊ အတာရေဆိုသည်မှာ အတာချိန်ကို အမှတ်အသားထားသောရေ၊ အတာသဘင်ဆိုသည်မှာ နှစ်သစ်ကူးသင်္ကြန်အချိန်ကို အမှတ်အသားပြု၍ ကျင်းပသောအစုအဝေး သို့မဟုတ် အခမ်းအနားဟု အဓိပ္ပာယ် အသီးသီးရှိကြသည်။
တစ်ဖန်အတာစားသည်ဆိုခြင်းမှာ သင်္ကြန်အတက်နေ့နှင့် မွေးနေ့တိုက်ဆိုင်ခြင်းပင် ဖြစ်သည်။ အတာစားသူအား ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း ဗေဒင်အဟောရှိသည်။ ထို့ကြောင့် အတာစားသူ
များက အတာအိုးခေါ် မွေးနံပန်းထိုးထားသောအိုးဖြင့် မိမိကိုယ်ကို ကျန်းမာချမ်းသာ စေကြောင်း ဆုတောင်းလေ့ရှိကြသည်။
မှတ်ချက်။ စာပေဗိမာန်စာမူဆုရ စာရေးဆရာ အောင်ငြိမ်းချမ်း(မန္တလေး) ရေးသားသော မြန်မာ့ဓလေ့ ခါသင်္ကြန်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit to- MOI