အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်
သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဖြစ်ကြောင်းကို ရှေးသူဟောင်းတို့ ဖွင့်ဆိုကြသည်။ မြန်မာအဘိဓာန်တွင် “ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောကာလ ရေပက်ဖျန်းသည့် နှစ်သစ်ကူးပွဲတော်” ဟု ဖော်ပြသည်။ သက္ကတစကား သင်္ကြန္တိမှ ဆင်းသက်ကြောင်းရေးသားသည်။ မြန်မာ့စွယ်စုံကျမ်းတွင် “ သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာသည်။ သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ ဖြစ်သည်” ဟု ရေးသားထားကြောင်း တွေ့ရပါသည်။
မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် “ သင်္ကြန်ဆိုသည်မှာ (၁) မြန်မာ့ဆယ်နှစ်လတွင် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်သမယ၊ တန်ခူး သို့မဟုတ် ကဆုန်လ (၂) နှစ်သစ်ကူးရေဖြန်းပွဲ “ ဟု အနက်ဖွင့်သည်။
သင်္ကြန်အခါပြောင်းချိန်မှာ
သူရိယသိဒ္ဓန္တကျမ်းလာတွက်နည်းများအရ ၃၆၅ရက်၊ ၆နာရီ၊ ၁၂မိနစ်၊ ၃၇စက္ကန့်ခန့်တွင် တစ်နှစ် သို့မဟုတ် ကမ္ဘာက နေကိုတစ်ပတ်ပတ်မိသောအခါ သင်္ကြန်တစ်ကြိမ်မှတ်ယူသည်။ တစ်နည်းဆိုသော် တနင်္ဂနွေ ရ၀ိပုဋဂြိုလ်စင်သည် များသောအားဖြင့် မိဿရာသီခေါ် တန်ခူးလ၏အစ သုညအံသာသို့ ၀င်ရောက်လျှင် မြန်မာတို့က သင်္ကြန်ကျချိန် သတ်မှတ်ပါသည်။ အတာကူးချိန်ဟုလည်း ခေါ်ပါသည်။ တနင်္ဂနွေရ၀ိမဈဂြိုလ်သွမ်းမိဿရာသီ တန်ခူးလအစ သုညအံသာသာသို့ရောက်ချိန်မှာ သင်္ကြန်တက်ချိန် ဖြစ်သည်။ အတာကူးချိန်၊ အတာတက်ချိန်၊ နှစ်သစ်ဆန်းချိန်ဟုလည်း ခေါ်ပါသည်။ တစ်နည်းအားဖြင့် တနင်္ဂနွေဂြိုလ်နှင့် အဿဝဏီနက္ခတ်တို့သည် မိဿရာသီသို့ စတင်ဝင်ရောက်၍ ယှဉ်သောအချိန် ဖြစ်ပါသည်။ သင်္ကြန်ကျချိန်နှင့်တက်ချိန်တို့၏ ကြားရက်သည် သင်္ကြန်အကြတ်ရက် ဖြစ်ပါသည်။
ရက်အလိုက်သင်္ကြန်အမည်
နာရဒသံဟိတကျမ်းအရ သင်္ကြန်ကျနေ့သည် တနင်္ဂနွေနေ့ဖြစ်လျှင် ဂွေရာသင်္ကြန်၊ တနင်္လာနေ့ဖြစ်လျှင် ဒွမ်းရှိသင်္ကြန်၊ အဂါင်္နေ့ဖြစ်လျင် မဟောဒရီသက်ြန်၊ ဗုဒ္ဓဟူးနေ့ဖြစ်လျှင် မဏ္ဍကိနိသင်္ကြန်၊ ကြာသာပတေး နေ့ဖြစ်လျှင် နန္ဒာသင်္ကြန်၊ သောကြာနေ့ဖြစ်လျှင် မန္တရာသင်္ကြန်၊ စနေနေ့ဖြစ်လျင် ယက္ခသိကာသင်္ကြန်ဟု အမည်ပေးထားကြောင်း သိရပါသည်။
နှစ်အလိုက်သင်္ကြန်အမည်များ
သင်္ကြန်လက်ရိုးကျမ်းအရ နှစ်အလိုက် သင်္ကြန်အမည်(၁၂)မျိုးခွဲခြားသတ်မှတ်ထားကြောင်း တွေ့ရပါသည်။ အတာနှစ်သစ် သက္ကရာဇ်အရှည်တည်ကိန်းတွင် ၂ နှုတ်ပြီး ရလဒ်ကို ၁၂နှင့်စားပါ။ အကြွင်း၁ဖြစ်လျှင် ဖေယျနှစ်ဖြစ်၏။ ၂ဖြစ်လျင် ၀ိသာခါ၊ ၃ဖြစ်လျင် ဇေဌ၊ ၄ဖြစ်လျှင် အာသဠာ၊ ၅ ဖြစ်လျှင် သရ၀ဏ္ဏ၊ ၆ဖြစ်လျှင် အဒြ၊ ၇ဖြစ်လျှင် အသာယုဇ၊ ၈ဖြစ်လျှင် ကြတ္တိကာ၊ ၉ဖြစ်လျှင် မိဂသီ၊ ၁၀ဖြစ်လျှင် ဖုသျှ၊ ၁၁ဖြစ်လျှင် မာဃ၊ ၀ဖြစ်လျှင် ဘဂ္ဂုဏနှစ် ဖြစ်၏။ ဇေယျနှစ်တွင် ကျင်းပသောသင်္ကြန်ကို ဇေယျသင်္ကြန်ဟု ခေါ်သကဲ့သို့ အခြားနှစ်များတွင် ကျင်းပသော သင်္ကြန်များကိုလည်း နှစ်အလိုက်အမည်များရှေ့မှာထား၍ သုံးစွဲကြောင်းသိရသည်။
တစ်နှစ် ၁၂လ သင်္ကြန်ကျ
တစ်နှစ်တွင် ၁၂ လရှိသည်။ တနင်္ဂနွေဂြိုလ်နေမင်းသည် ထိုလတို့သို့ အစဉ်အတိုင်းဝင်ရောက်ခြင်းကို အကြောင်းပြု၍ တစ်နှစ်တွင် ဆယ့်နှစ်ရာသီ ပိုင်းခြားထားပါသည်။ထို့ကြောင့် တစ်လတစ်ကြိမ် သင်္ကြန်အခါကျရောက်ပါသည်။ တစ်ရက်အဖို့တွင်လည်း နေမွန်းတည့်ချိန်၊ ညဥ့်မွန်းတည့်ချိန်၊ နေစထွက်ချိန်၊ နေစ၀င်ချိန်၊ တစ်နည်းအားဖြင့် မွန်းတည့်ချိန်နှင့် နံနက်၊ ညနေဆည်းဆာအချိန်များသည် အကူးအပြောင်းကာလ သင်္ကြန်အခါများပင် ဖြစ်ပါသည်။
မြန်မာ့သင်္ကြန်ပွဲ
နှစ်ဟောင်းကုန်စ၊ နှစ်သစ်မကူးမီကာလ၊ သင်္ကြန်အကျတွင် မြန်မာတို့က ရေသဘင်ပွဲခြိမ့်ခြိမ့်သဲ ဆင်နွှဲကြသည်။ ရေကန်တော့ပွဲ၊ ရေကစားပွဲတစ်မျိုးပင် ဖြစ်ပါသည်။ နံ့သာမျိုး၊ အမွှေးမျိုးတို့ ထုံသောရေကို သပြေခက်စသည်ဖြင့် ဆွတ်ဖြန်ူခြင်း၊ လူကြီးမိဘတို့အား ရေချိုးခေါင်းလျှော်ပေးခြင်းမှအစ လူငယ် အချင်းချင်း ခင်မင်မှုအရ ရေပက်ဖျန်းခြင်း ဖြစ်ပေါ်လာဟန်ရှိပါသည်။
သင်္ကြန်ပန်း
သင်္ကြန်ပန်းဆိုသည်မှာ “ ရေထည့်ထားသော အတာအိုးခေါ် မြေဖြင့်ပြုလုပ်ထားသော သင်္ကြန်အိုးတွင် ထိုးစိုက်ရသည့် ခုနှစ်နေ့ခုနှစ်နံပန်းခုနှစ်မျိုးပင်ဖြစ်သည်။” ရှေးအခါက သင်္ကြန်ကျခြင်း အမှတ်အသား ဖြစ်သော အခါတော်ကြားသင်္ကြန်အမြောက်သံပေးလျှင် လူအများသည် သင်္ကြန်အိုးကိုယ်စီဖြင့် အမိုးအကာ တို့၏ အပြင်သို့ထွက်လာကြသည်။ ကောင်းကင်မှဆင်းလာသည်ဟုယူဆသော သိကြားမင်းမြင်သာထင်သာ ရှိစေရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သိကြားမင်း၏ ရွှေပုရပိုက်မှတ်တမ်းတွင် ကုသိုလ်ရှင်စာရင်း ၀င်မည်ဟု ယုံကြည်ကြသူများ ရှိပါသည်။
သင်္ကြန်ထမင်း
သင်္ကြန်ထမင်းဆိုသည်မှာ “ ပျားဖယောင်းနံ့စွဲအောင် အခိုးသတ်ထားသည့်အိုးတွင် ဆန်ထည့်၍ ရေခန်းချက်ပြီးလျှင် ရိုးရိုးရေ သို့မဟုတ် ဖယောင်းနံ့ရရှိအောင် ပြုလုပ်ထားသောရေနှင့် စိမ်ထားသော ထမင်း” ကို ငါးခြောက်ကြော်၊ အချဉ်သုတ်၊ ငရုတ်သီးစိမ်းတို့နှင့် စားသုံးခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်လေးဆယ်ကျော်က မွန်ပြည်နယ်တွင် တွေ့ခဲ့ရသော သင်္ကြန်ထမင်းပြုလုပ်ပုံကို ဖြည့်စွက်တင်ပြလိုပါသည်။ မီးထွန်းထားသော ပျားဖယောင်းတိုင်၏ အပေါ်မှ မြေသောက်ရေအိုးအသစ်ကို လေ၀င်သာရုံချန်၍ မှောက်ထားခြင်းဖြင့် ဖယောင်းမှိုင်းခံသည်။ မှိုင်းဝသောအခါ အိုးကိုလှန်၍ အိုတွင်းသို့ ရေလောင်းထည့်ပါက ဖယောင်းနံ့ရသောရေ ဖြစ်လာပါသည်။ ထိုရေကို ထမင်းနှင့်ဖျော်ပေးပါက သင်္ကြန်ထမင်းရပါသည်။ ငါးခြောက်ကြော် ၊ အချဉ်သုတ်၊ ငရုတ်သီးစိမ်းတွှိုမှာ သင်္ကြန်ထမင်းအတွက် အဖက်များဖြစ်ကြသည်။ ယခုအခါ မွန်ပြည်နယ်တွင်သင်္ကြန်ထမင်းဒါနပွဲ ပြုလေ့ရှိပါသည်။ အချို့က ဖယောင်းနံ့ရသောရေ၊ ထမင်း၊ ငါးခြောက်နှင့် သရက်သီးစိမ်းချက်တို့ တွဲဖက်ဝေငှလေ့ရှိကြောင်း တွေရသည်။ ရခိုင်ပြည်နယ်တွင်လည်း ဤနည်းကို ဆောင်ရွက်ကြောင်း မှတ်သားရသည်။
သင်္ကြန်စာ
သင်္ကြန်စာဆိုသည်မှာ သင်္ကြန်အချိန်ကို အဓိကထား ဖော်ပြသောစာ ဖြစ်ပါသည်။ မြန်မာအဘိဓာန်တွင် နှစ်သစ်ကူးမည့် နေ့ရက်ချိန်ခါနှင့် နှစ်သစ်တွင်ဖြစ်ပေါ်မည့် မိုးလေ၀သ၊ သီးနှံထွက် စသည့် အခြေအနေ များကို ဟောထားသော စာတမ်းဟု ဖော်ပြထားပါသည်။ မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် “ ဗေဒင်နက္ခတ် ပညာရှိတို့က နှစ်သစ်ကူးမည့်နေ့၊ ရက်၊ အချိန်၊ နာရီနှင့်တကွ ဂြိုလ်နက္ခတ်တို့ကို တွက်ချက်၍ နှစ်သစ်တွင် ကျရောက်ဖြစ်ပေါ်မည့် မိုးလေ၀သအခြေအနေ၊ ကောက်ပဲသီးနှံတိုးမှု၊ ဆုတ်မှု စသည်တို့ကို ထုတ်ဖော်ဟောပြောထားသောစာဖြစ်သည်” ဟု ဖွင့်ပြပါသည်။`
သင်္ကြန်အမြောက်
သင်္ကြန်ကျချိန်တွင် သင်္ကြန်ကျကြောင်းသိစေရန် အဆန်မပါဘဲ ပစ်ဖောက်ရသည့်အမြောက် သို့မဟုတ် ဖြစ်မြောက်အောင် မစွမ်းနိုင်ဘဲ ကြွားဝါပြောဆိုသူဟု မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် ဖွင့်ပြထားပါသည်။ သင်္ကြန်အမြောက်ပစ်ဖောက်၍ အခါကြားခြင်းအလေ့အထမှာ မြန်မာမင်းများ လက်ထပ်ကပင် ရှိခဲ့ပါသည်။ မန္တလေးရတနာမဉ္ဇူဘုရား ရာဟုထောင့်ရှိ မန္တလေးရတနာပုံခေတ်ထိုး ကျောက်စာတစ်ချပ်တွင် သင်္ကြန်အမြောက်ပစ်ဖောက်သောအခါ ကုသိုလ်မှုတို့ စတင်ပြုကြကြောင်း ရေးထိုးမှတ်သားထားပါသည်။
အတာစား
မြန်မာမှုနယ်ပယ်တွင် (၁) အတာကူး(၂) အတာတက်(၃) အတာရေ(၄) အတာသဘင်(၅) အတာစား(၆) အတာအိုး ဟူသောစကားများတွင်ကျယ်လျက်ရှိသည်။ အတာကူးဆိုသည်မှာ အတာချိန်တစ်ခုမှ တစ်ခုသို့ ကူးသွားခြင်း၊ အတာတက်ဆိုသည်မှာ အတာချိန်အဟောင်းမှ အသစ်သို့တက်သွားခြင်း၊ သို့မဟုတ် ခရိးဟောင်းကုန်ဆုံးသဖြင့် ခရီးသစ်သို့ရောက်သွားခြင်း၊ အတာရေဆိုသည်မှာ အတာချိန်ကို အမှတ်အသားထားသောရေ၊ အတာသဘင်ဆိုသည်မှာ နှစ်သစ်ကူးသင်္ကြန်အချိန်ကို အမှတ်အသားပြု၍ ကျင်းပသောအစုအဝေး သို့မဟုတ် အခမ်းအနားဟု အဓိပ္ပာယ် အသီးသီးရှိကြသည်။
တစ်ဖန်အတာစားသည်ဆိုခြင်းမှာ သင်္ကြန်အတက်နေ့နှင့် မွေးနေ့တိုက်ဆိုင်ခြင်းပင် ဖြစ်သည်။ အတာစားသူအား ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း ဗေဒင်အဟောရှိသည်။ ထို့ကြောင့် အတာစားသူ
များက အတာအိုးခေါ် မွေးနံပန်းထိုးထားသောအိုးဖြင့် မိမိကိုယ်ကို ကျန်းမာချမ်းသာ စေကြောင်း ဆုတောင်းလေ့ရှိကြသည်။
မှတ်ချက်။ စာပေဗိမာန်စာမူဆုရ စာရေးဆရာ အောင်ငြိမ်းချမ်း(မန္တလေး) ရေးသားသော မြန်မာ့ဓလေ့ ခါသင်္ကြန်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit to- MOI
No comments:
Post a Comment