10 April, 2014

ကျည်ပွေ့အတက်များယူဆောင်လာသည့် ''ဝ.ထ.က.လ.သ''ပညာရေး

''ဦးသာဝ လာသလား။ ဦးသာဝ လာ၏။ ကားလာသလား။ ကားလာ၏။ ဦးသာဝသား လာသလား။ ဦးသာဝသား လာ၏''ဟူသော စာအံသံ၊ စာရွတ်သံတို့သည် ဒရယ်ဘိုကျေးရွာ မူလတန်းကျောင်းကလေးဆီမှ ရန်ကုန်အဝေးပြေး ကားလမ်းမပေါ်အထိ ပျံ့လွင့်နေသည်။ ''ဝ၊ ထ၊ က၊ လ၊ သ''စာလုံးများရေးသားထားသော အစိမ်းရောင်သင်ပုန်းပေါ်မှ စာလုံးများကို သံပြိုင်ရွတ်ဆိုနေချိန်သည် ဘဝ၏ ပထမဦးဆုံး စာဖတ်ခြင်းအလေ့ကို စတင်လိုက်ခြင်းပင်ဖြစ်သည်။

အခြေခံ စာတတ်မြောက်ရေး (မြန်မာစာ) စာအုပ် စာမျက်နှာ(၃) ရှိ ဦးသာဝအမည်ရှိ စာပိုဒ်ကို စာလုံးပေါင်းပြရင်း ''အခုစာသင်နေတာ ဦးသာဝကို ရောက်ပီလေ။ စာတတ်သွားရင် မင်္ဂလာဆောင်ဖိတ်စာနဲ့ အသုဘဖိတ်စာလောက်တော့ ကိုယ့်ဘာသာဖတ်နိုင်မှာပေါ့''ဟု ဒရယ်ဘို ရွာတွင်နေထိုင်သော အတန်းသူ တစ်ဦးက ပြောသည်။

ဘဝ၏ ပထမဦးဆုံးအလုပ်အဖြစ် စာဖတ်၊ စာသင်ခြင်းကို စတင်လိုက် သူများသည် မိခင်က လက်ဆွဲ၍ ကျောင်းသို့ လိုက်ပို့ရသည့် မူလတန်း ကလေးငယ်များ မဟုတ်ကြပေ။ သူတို့သည် လှည်းကူးမြို့နယ် ဒရယ်ဘိုကျေးရွာတွင် နေထိုင်သော အသက်(၂၉)နှစ် အရွယ်မှနေ၍ အသက် (၇ဝ)အရွယ် သားသည် အမေများနှင့် အဘွားများ ဖြစ်နေကြသည်။

အသက် (၆၂)နှစ်ရှိ ဒရယ်ဘိုရွာသူ အမယ်အိုဒေါ်အုံးက ''ညီအစ်မ အရင်းနှစ်ယောက်လုံး စာလာသင်တာ၊ တကယ့်ကို စာဖတ်တတ်ချင်လို့''ဟု ညီမဖြစ်သူ ဒေါ်စိန်မြင့်အား ကြည့်ရင်းသွားများပေါ်သည်အထိ ပြုံးကာပြောသည်။

မြန်မာနိုင်ငံတွင် စာတတ်မြောက် မှုနှုန်းသည် ၉၅ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ကျန်ရှိသည့် အခြေခံစာမတတ်မြောက်သူ ကျန် ငါးရာခိုင်နှုန်းမှာ ကျေးလက်ဒေသနေ ပြည်သူအများစုဖြစ်နေသည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်ဆရာ အတတ်သင် သိပ္ပံကျောင်းရှိ ကျောင်းသားများက စာမတတ်သူများအား အခြေခံစာတတ်မြောက်စေရန် အရေး၊ အဖတ်၊ အတွက်ကို တတ်မြောက်အောင်သင်ကြားပေးခဲ့သည်မှ အစပြု၍ စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုတွင် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူများ စတင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၆၄ မှ ၁၉၈၈ ထိ တက္ကသိုလ်ကျောင်းသား
ကျောင်းသူများ၏ လုပ်အားဖြင့် စာတတ်မြောက်ရေး လှုပ်ရှားမှုကိုကမ္ဘာကအသိမှတ်ပြုရသည်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လုပ်အားပေးအဖြစ် ပြန်လည်ပါဝင်သည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုကို မြို့နယ်ပေါင်း ကိုးမြို့နယ်ဖြင့် စတင်နိုင်ခဲ့သည်။

၂ဝ၁၄ ခုနှစ် စာတတ်မြောက်ရေး လှုပ်ရှားမှုစာတန်းပါ အဖြူရောင် တီရှပ်ကို ဝတ်ဆင်ထားသည့် တတိယနှစ် ဥပဒေကျောင်းသူ မစုမြတ်ခိုင်က ''အရင်က လက်မှတ်တွေ ဘာတွေထိုးရင် လက်မှတ်နေရာမှာ ကြက်ခြေခတ်ဖြစ်တယ်၊ စာစသင်တဲ့ ရက်ကဆိုရင် အဒေါ်ကြီးတွေက ဝမ်းသာလို့ငိုတယ်၊ အဒေါ်ကြီးတွေ စာကို အော်ဆိုတော့ သမီးငိုတောင် ငိုချင်တယ်။ အခုကျတော့ သူတို့ နာမည်ကို သူတို့ကိုယ်တိုင်ရေးတတ် လာမှာပါ''ဟု ဆိုသည်။

မြို့နယ်ပေါင်း၂၉မြို့နယ်ရှိစာမတတ်သူ လေးသောင်းခြောက် ထောင်ကျော်တို့သည် တက္ကသိုလ် ကောလိပ် ၃ဝ မှ ကျောင်းသား ကျောင်းသူ ၄၂၆၁ ၏ လုပ်အားပေး သင်ကြားမှုများကြောင့် လာမည့် မေလအတွင်းတွင် စာဖတ်နိုင်၊ ရေးနိုင်၊ တွက်ချက်မှုများ ပြုလုပ်နိုင်ကာ အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာမည်ဟု ကျောင်းပြင်ပ ပညာရေးလုပ်ငန်းအဖွဲ့၏ ကျွမ်းကျင် သူများက သုံးသပ်သည်။

လှည်းကူးမြို့နယ်ရှိ စာမတတ်သူ ပပျောက်ရေး ပထမစီမံချက်တွင် စာသင်ဝိုင်း ၂ဝ၉ ဝိုင်း၊ စာသင်သား ၁၉၇၉ ဦးဖြင့် လျာထားသည်။ ယင်းသို့လျာထားချက်ထားရှိရာတွင် တချို့ရွာများတွင် အသက်အရွယ်ရမှ စာသင်ကြားရမည်ကို ရှက်ခြင်း၊ ကြောက်ခြင်းများ ရှိနေသည်ဟု လှည်းကူးမြို့နယ် စာတတ်မြောက် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလွင်ပင်က ပြောကြားသည်။

''ဒါပေမယ့် အခု စာသင်ဝိုင်းတွေကို တက္ကသိုလ်က ဆရာ ဆရာမတွေ ရောက်သွားတဲ့အခါမှာ စိတ်ဝင်စားလာပြီး တဖြည်းဖြည်းနဲ့ လူဝင်လာတယ်။ အခုလည်း အင်အားတဖြည်းဖြည်း တိုးလာဖို့ အခြေအနေရှိတယ်။ ဒါဟာ ဆရာမလေးတွေ စည်းရုံးရေး တော်လို့ဖြစ်ပါတယ်''ဟု ဦးလွင်ပင် က ဆက်လက်ပြောပြသည်။

ဒရယ်ဘိုကျေးရွာ မူလတန်း ကျောင်းလေးတွင် အမျိုးသမီးကြီး ၂၂ ဦး စာသင်ကြားလျက်ရှိသည်။ စာသင်သူများသည် အသက် ၄ဝ၊ ၅ဝ၊ ၆ဝ ကျော် သားသည် အမေများ ဖြစ်ကြသည်။ သင်ကြားပေးနေသူများမှာ အသက်(၁၈)နှစ်ဝန်းကျင် တက္ကသိုလ် ကျောင်းသူလေးများဖြစ် ကြသည်။

အမျိုးသမီးကြီး ၂၂ ဦးသည် သူတို့စာတတ်ခဲ့ပါက ''ဘယ်စာမဆို အကုန်လုံးဖတ်မှာပဲ၊ အဓိကကတော့ စာစောင်တွေဘာတွေ၊ မှုခင်းတွေ အရမ်းဖတ်ချင်တယ်၊ စာတတ်တော့ ဘုရားစာ၊ တရားစာလေးဖတ်ရတာ ပေါ့ကွယ်၊ စာဖတ်တတ်သွားရင် သားသမီးတွေပေးတဲ့ စာတွေဖတ်မယ်၊ ကိုရီးယားကားထဲက စာသားတွေ လိုက်ဖတ်ချင်တယ်'' စသော ရင်တွင်းဆန္ဒများဖြင့် နာရီ ၁၂ဝ ကြာသင်ယူရမည့် စာသင်ဝိုင်းများသို့ လာရောက်ကြခြင်းဖြစ်သည်။

စာမတတ်သူ ပြည်သူများအတွက် အရေး၊ အဖတ်၊ အတွက် သင်ကြားသည့် ''အ''သုံးလုံးလှုပ်ရှားမှုများသည် ကျေးလက်နေပြည်သူများအတွက် ထိရောက်မှုရှိခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ယူနက်စကိုမှချီးမြှင့်သည့် ''မိုဟာမက် ရီဇာပါလာဗီ'' ဆုနှင့် ၁၉၈၃ တွင် ဂျပန်နိုင်ငံက ချီးမြှင့်သည့် ''နိုမာ''ဆုများကို ရရှိခဲ့သည်။

အသက်(၂၉)နှစ်အရွယ် ကလေး နှစ်ဦးမိခင် မစုစုလှိုင်က ''ညီမက စာမတတ်တော့ ကိုယ့်ကလေးကို စာမသင်ပေးတတ်ဘူး'' ဟု စိတ် မကောင်းစွာပြောရင်း အစိမ်းရောင် သင်ပုန်းပေါ်ရှိ ''ဦးသာဝ''စာပိုဒ်ကို ထပ်မံကာ စာလုံးပေါင်းရွတ်ဆိုရန် အတွက် အသင့်ပြင်ထားပြီဖြစ် သည်။

No comments:

Post a Comment