အဝလွန်သူများတွင် သွေးတိုးနိုင်သည့် အခြေအနေကို ဖရဲသီး စားခြင်းဖြင့် လျော့နည်းသွားအောင် ဆောင်ရွက်နိုင်မည်ဟု ပညာရှင်များက ယူဆထားသည်။
ဖရဲသီး ပုံမှန်စားခြင်းသည် နှလုံးဖောက်ပြန်ခြင်းနှင့် သွေးတိုးခြင်းတို့ကို လျော့ပါးစေနိုင်မည့် သဘာဝ နည်းလမ်းကောင်း တစ်ရပ်အဖြစ် သုတေသီများက ယုံကြည်ယူဆနေကြောင်း သိရသည်။ ဖရဲသီးသည် သွေးကြောများကို နွေးထွေးစေပြီး သွေးလွှတ်ကြောများအတွင်း သက်ရောက်လာသည့် ဖိအားကို လျှော့ချပေးနိုင်သည်။ အဝလွန်သူများတွင် သွေးတိုးနိုင်သည့် အခြေအနေကို ဖရဲသီး စားခြင်းဖြင့် လျော့နည်းသွားအောင် ဆောင်ရွက်နိုင်မည်ဟု ပညာရှင်များက ယူဆထားသည်။ ရာသီဥတု အေးမြသော အချိန်မျိုးတွင် သွေးတိုးနိုင်ခြေ ပိုများတတ်သော်လည်း ဖရဲသီးက သွေးကြောများ၏ အပူချိန်ကို မြှင့်တင်ပေးခြင်းဖြင့် သွေးတိုးခြင်းနှင့် နှလုံးရုတ်တရက် ထိခိုက်ဖောက်ပြန်ခြင်းတို့ကို အတိုင်းအတာ တစ်ရပ်ထိ တားဆီးပေးနိုင်စွမ်း ရှိနေသည်။
ရာသီဥတု အလွန်အေးမြနေသော အချိန်မျိုးတွင်ပင် ဖရဲသီးက သွေးကြောများ၏ အပူချိန်ကို သိသိသာသာ တက်လာအောင် အားပေးကူညီတတ်ကြောင်း သုတေသီများက ထောက်ခံခဲ့သည်။ ကမ္ဘာတဝှမ်းတွင် သွေးတိုးရာမှ နှလုံးရုတ်တရက် ဖောက်ပြန် သေဆုံးမှုများသည် ရာသီဥတု အေးမြနေသော အချိန်မျိုးတွင် ပိုမိုပေါများကြောင်းလည်း သိရှိရသည်။ ရာသီဥတု အေးမြသောအခါ သွေးကြောများ စီးဆင်းမှုကို နှောင့်နှေးစေပြီး ထိုအခါ နှလုံးက ပိုမို၍ အားထည့် အလုပ်လုပ်ရသည်။ အဓိပ္ပါယ်အားဖြင့် လူအများအတွက် နှလုံးရောဂါ ထဖောက်မှုနှင့် လေဖြတ်ခြင်းတို့ ရုတ်တရက် ကြုံဆုံခံစားရရန် ဖြစ်နိုင်ခြေ ပိုများသွားတတ်သည်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ ပရော်ဖက်ဆာ အာတူရို ဖီဂွယ်ရိုအာက “လေ့လာတွေ့ရှိချက်တွေအရ ဖရဲသီး ပုံမှန်စားတဲ့အခါ ပင်မသွေးလွှတ်ကြောနဲ့ နှလုံးအပေါ်ကို သက်ရောက်နေတဲ့ ဖိအားက သိသိသာသာ လျော့နည်းသွားကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ သုတေသီများသည် အဝလွန်သည့် အခြေအနေ ရှိနေသော သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီး (၁၃)ဦးတို့ကို (၁၂)ပတ်ကြာ လေ့လာဆန်းစစ်ပြီး ယခုရလဒ်ကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ဖရဲသီးမှာ ပါဝင်တဲ့ L-citrullineနဲ့ L-arginineတို့ဟာ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ဝန်ထုပ်ဝန်ပိုး လျော့ကျစေပါတယ်။ အဓိပ္ပါယ်ကတော့ နှလုံးရဲ့ လှုပ်ရှားမှုတွေဟာ နေ့စဉ်နေ့တိုင်း သာမန်ထက် လွယ်ကူနေတတ်ပြီး အအေးဓာတ်ကြောင့် ကြုံရနိုင်တဲ့ ဖိအားကိုလည်း ချေဖျက်နိုင်ပါတယ်”ဟုလည်း ဒေါက်တာ ဖီဂွယ်ရိုအာက ရှင်းပြသွားသည်။
Planet Myanmar Network
No comments:
Post a Comment